မိတ္ထီလာမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ ဇွန် ၃၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် အမျိူးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါသင်တန်းကျောင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသာဝက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ရာ သင်တန်းသူများကိုယ်စား သင်တန်းသူမမိုးကေခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းဆင်းပွဲသို့ တက်ရောက်လာကြသည့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဆန်းနု၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ ခရိုင်/မြို့နယ်များမှ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းအုပ်ဆရာကြီးဦးသာဝနှင့် သင်တန်းနည်းပြများက သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို မိတ္ထီလာမြို့ပေါ်ရှိ အောင်ဇေယျာ၊ ရန်မျိုးအောင်၊ အောင်ဆန်း၊ ကျီတော်ကုန်း၊ ဝန်ဇင်းရပ်ကွက်များမှ အမျိုးသမီးငယ် ၂၀ ဦး တက်ရောက်ပြီး ၎င်းသင်တန်းကို ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်က စက်ကိုင်တွယ်အသုံးပြုနည်းများ၊ စက်နင်းလေ့ကျင့်ခြင်းနှင့် အခြေခံချုပ်ရိုးများချုပ်ခြင်း၊ အမျိုးသမီးဝတ်ရင်စေ့အင်္ကျီ၊ အမျိုးသမီးဝတ်ရင်ဖုံးအင်္ကျီ၊ စကဒ်ချုပ်နည်းမျိုးမျိုး၊ တစ်နှစ်အရွယ် သုံးဖြက်ဆက်အတွန့်ပါ ဂါဝန်၊ ကလေးဝတ်ဘောင်းဘိရှည် စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း ကျောင်းအုပ်ဆရာကြီး ဦးသာဝထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)