ရန်ကုန် စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမိုးဝင်းအောင်က ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဆောင်ရွက် နိုင်ရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်း များအတိုင်း ကျင်းပနိုင်ရေး၊ နိုင်ငံရေးပါတီများ၏ လိုက်နာရမည့် စည်းကမ်းချက်များ၊ မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များ စသည့်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမိုးဝင်းအောင်နှင့် တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေး ရှင်းလင်းပြောကြားခဲ့သည်။
ထိုအစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမိုးဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက လက်ရှိဖြစ်ပွား နေသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)