တာမွေမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

တာမွေ ဇွန် ၃၀

ရန်ကုန်တိုင်းဒေသကြီးရန်ကုန်အရှေ့ပိုင်းခရိုင်တာမွေမြို့နယ်အတွင်းရှိ မိဘပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ၎င်းတို့ကိုယ်တိုင် လိုက်နာဆောင်ရွက်နိုင်ကြစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများတွင်လည်း အားတက်သရောပူးပေါင်းပါဝင် ဆောင်ရွက်လာကြစေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး "သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး" ဆိုသည့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး/ ပုံမှန်ကာကွယ်ဆေးထိုးစုရပ်နေရာများ၊ အခြေခံပညာကျောင်းများ၊ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် လမ်းဆုံလမ်းခွနေရာများ အပါအဝင် လူအသွားအလာများသည့် နေရာများတွင် မိဘပြည်သူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများထံ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် သွေးလွန်တုပ်ကွေးရောဂါပိုးကို သယ်ဆောင်သည့် ခြင်ကျားပေါက်ပွားပုံအဆင့်ဆင့်တို့ကို အသေးစိတ်စုံလင်စွာ ဖော်ပြထားကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခံရရာမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၉)ရက်နေ့အထိ(၃၅၆၂)ဦးအထိရှိပြီး သေဆုံးသူ(၁၁)ဦးအထိရှိကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ကပ်ရောဂါအသွင်ဖြစ်ပွားမှုမှာ နှစ်နှစ်လျှင်တစ်ကြိမ်(သို့မဟုတ်) သုံးနှစ်လျှင်တစ်ကြိမ် ဖြစ်ပွားလေ့ရှိကြောင်း၊ မြန်မာနိုင်ငံ၌ ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅ ခုနှစ်များတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း များပြားခဲ့တာကြောင့် အခုလိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နိုင်လင်းအောင် (တာမွေ)