ကြည့်မြင်တိုင် စက်တင်ဘာ ၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာများနှင့် အနီးကပ်ထိတွေ့မှု ရှိ/မရှိ (contact tracing) အရှိန် အဟုန်မြှင့် ကွင်းဆင်းရှာဖွေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက စျေးကြီးအရှေ့ရပ်ကွက်ရှိ နေအိမ်များတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ စျေးကြီးရပ်ကွက် အတွင်းရှိ ပြည်သူများအား ကိုယ်အပူချိန်များ တိုင်းတာခြင်း၊ ဖျားနာခြင်းရှိ/မရှိစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြကာ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင် သွားလာကြရန်တို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာများနှင့် အနီးကပ်ထိတွေ့မှု ရှိ/ မရှိ (contact tracing) အရှိန်ဟုန်မြှင့် ကွင်းဆင်းရှာဖွေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များ တွင် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)