လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

လှည်းကူး ဇွန် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာ ကျောင်းသား/သူများ အား ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉နာရီက လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက် ရွာမအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံခြင်းအား သတ်မှတ်ဆေးထိုးစုရပ် ကျောင်းများတွင် ကျောင်းသား/သူများကို ဆေးထိုးအဖွဲ့များမှ ကာကွယ်ဆေးထိုးနှံပေးပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား/သူ (၁၀၃)ဦး ထိုနှံပေးခဲ့ပြီး ကျန်ရှိနေသောကျောင်းများကိုလည်း ကိုဗစ်‌-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)