မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လွယ်ဂျယ်-မိုးမောက်ကားလမ်းပိုင်း ပျက်စီး၍ ယာဉ်ငယ်များသာ သွားလာနိုင်ပြီး ကုန်တင်ယာဉ်များ သွားလာနိုင်ခြင်းမရှိ

လွယ်ဂျယ် ဇွန် ၂၉

မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ယနေ့ နံနက်(၁၁)နာရီခန့်တွင် လွယ်ဂျယ်−မိုးမောက်သွား ကားလမ်းမကြီး မြေသား နိမ့်ကျပျက်စီးမှုဖြစ်၍ ယာဉ်ငယ်များသာ သွားလာနိုင်ပြီး ကုန်တင်ယာဉ် ယာဉ်ကြီးများ ရပ်နားထားရကြောင်း သိရသည်။

လမ်းပျက်စီးရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း၊ နယ်မြေခံစခန်းမှူး ရဲအုပ် လင်းအောင်တို့က သွားရောက်ကြည့်ရှု စစ်ဆေးရာ လွယ်ဂျယ်−မိုးမောက်ကားလမ်းမိုင်တိုင်   အမှတ်(၄၄)အနီး တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေသား အရှည် (၁၂၀)ပေခန့်သည် အနက်(၁)ပေခန့် မြေသားနိမ့်ကျ ပျက်စီးနေကြောင်း သိရသည်။ အဆိုပါ ပျက်စီးနေသော လမ်းပိုင်းအား ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ ကုန်တင်ယာဉ်ကြီးများ သွားလာနိုင်ရေးအတွက် လမ်းဦးစီးဌာနနှင့် ဟုန်ရှင်းကျန်းဘလမ်း ဆောက်လုပ်ရေးကုမ္ပဏီတို့မှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

လွယ်ဂျယ်(ပြန်/ဆက်)