တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲ ကျင်းပ

တန့်ယန်း ဇွန် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်း(ညွှန်ကြားရေးမှူး)က အမှာစကားပြောကြား၍ စီမံကိန်းရန်ပုံငွေကျပ်သိန်း (၂၄၀၀) လွှဲပြောင်းပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က လက်ခံရယူသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးခိုင်မင်းထွန်းတို့က ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)၏ ရွေးချယ်အတည်ပြုသည့် ကျေးရွာ(၂၀)အား တစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)စီအားလည်းကောင်း၊ မြစိမ်းရောင်စီမံကိန်းဆောင်ရွက်သည့် ကျေးရွာနှစ်ရွာ တစ်ယူနစ်အတွက် ငွေကျပ်သိန်း (၃၀၀)အားလည်းကောင်း၊ ကျေးရွာသူ/သားများအတွက် လုပ်အားခပေးချေသည့် Cash for Work စီမံကိန်း ကျေးရွာတစ်ရွာအတွက် ငွေကျပ်သိန်း(၁၀၀)အားလည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ရာ ကျေးရွာလုပ်ငန်းအကောင်းအထည်ဖော်ရေးကော်မတီဝင်များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)