ပျဉ်းမနား ဇွန် ၂၉
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများကို အားလပ်သည့်အချိန်တွင် စာအုပ်စာပေများ ဖတ်ရှုသည့်အလေ့အကျင့်များ ဖြစ်ပေါ်စေရန်နှင့် မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန် အချိန်မရှိသူများအတွက် ရပ်ကွက်/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် လိုက်လံ ငှားရမ်းပေးနေလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က (ညောင်ပင်သာ)၊ အ.ထ.က (သကြားစက်)နှင့် သကြားစက်ရုံ ဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးကြသည်။
စာအုပ်ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်၌ သုတ/ရသ စာအုပ်မျိုးစုံ(၂၂၀၀)ကျော်စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ် ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သောစာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ရပ်ကွက်/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လည်း မည်သူမဆိုအခမဲ့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)