ညောင်ဦးမြို့နယ်၌ တပ်စုအဆင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

ညောင်ဦး  ဇွန် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် အသင့်စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်စု အင်အား (၃၅)ဦးတို့သည် မန္တလေးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ၊ ညောင်ဦးခရိုင်၊ မီးသတ်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်၊ လောကနန္ဒာစက်လှေဆိပ်အနီး ဧရာဝတီမြစ်ကြောင်းအတွင်း ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအား ယနေ့နံနက် ၉ နာရီက ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြို့ပေါ်ကမ်းနားရပ်ကွက်များနှင့် ကျေးရွာအချို့တို့တွင် ကမ်းပါးများ မြစ်ရေတိုက်စားပြိုကျခြင်း၊ နေအိမ်များအတွင်း မြစ်ရေဝင်ရောက်ခြင်းတို့ကြောင့် လူနေအိမ်များအား ရေဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ဆောက်လုပ်ပေးရခြင်း၊ ယာယီကယ်ဆယ်ရေးစခန်းများသို့ ယာယီရွှေ့ပြောင်း နေရာချထားပေးရခြင်းများ နှစ်စဉ်ဆောင်ရွက်ပေးရခြင်းတို့ရှိခဲ့ပြီး ယခုနှစ်တွင်လည်း ညောင်ဦးမြို့ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် နီးကပ်လာပြီဖြစ်၍ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများအနေဖြင့် ဘေးအန္တရာယ်များကျရောက်လာခဲ့ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ထွက်ခွာတုံ့ပြန် ကူညီကယ်ဆယ်ဆောင်ရွက်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီမီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့် အညီ ယခုကဲ့သို့ ကြိုတင် စုဖွဲ့ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ညောင်ဦးမြို့၊ ဧရာဝတီမြစ်၏ စိုးရိမ်ရေအမှတ်မှာ ၂၁၂၀ စင်တီမီတာဖြစ်ပြီးယနေ့ ၂၉.၆.၂၀၂၂ ရက်နေ့ ၁၂၃၀ အချိန်တိုင်းထွာချက်အရ  လက်ရှိမြစ်ရေအမှတ်မှာ ၂၀၄၁ စင်တီမီတာဖြစ်၍ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန်  ၇၉ စင်တီမီတာ ၂.၅၉ ပေသာလိုအပ်ပါကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (ညောင်ဦး)မှ သိရှိရသည်။

လက်ရှိအခြေအနေတွင် မြို့ပေါ် ကမ်းနားနေအိမ်အချို့၏ နေအိမ်ခြံဝန်းများနှင့် အချို့သောလူနေအိမ်များ၏ နေအိမ်အောက်ထပ်များသို့ မြစ်ရေများ စတင်ဝင်ရောက်လျက်ရှိပြီး ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့်လည်း မြစ်ရေအခြေအနေနှင့်ပတ်သက်၍ နေ့စဉ်ကွင်းဆင်း ကြည့်ရှု၍ မြစ်ရေအတက်အကျ အခြေအနေများအား အများပြည်သူသိရှိနိူင်စေရန် ဌာနပိုင် Page မှ အချိန်နှင့်တစ်ပြေးညီ ပြန်ကြားပေးလျက်ရှိကြောင်း၊ ပြည်သူများ ဘေးအန္တရာယ် ကျရောက်လာခဲ့ပါကလည်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ရန် အရေးပေါ် တယ်လီဖုန်းအမှတ် ၀၆၁-၂၄၆၀၁၉၁ နှင့် အရေးပေါ်   ၁၉၁ တို့အားလည်း အသိပေး ကြေညာထားပြီးဖြစ်သည်။

အဆိုပါ တပ်စုအဆင့် ရေပြင်ကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနားသို့ ပုဂံမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်ညွန့် တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ယခင်ဖြစ်ပွားခဲ့သော သဘာဝဘေးဖြစ်စဉ်များအား ချပြရှင်းလင်း၍ ရှေ့ဆက်ဆောင်ရွက်ရန်လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပြီး အဆိုပါအခမ်းအနားသို့ ပုဂံနယ်မြေရဲစခန်းမှ ရဲအုပ် ဦးဇော်မင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း အင်အား ၃၀ ဦးခန့် တက်ရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။

တပ်စုအဆင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ပြီးနောက် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်မင်းသူ ဦးဆောင်သော ခရိုင်/မြို့နယ် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များသည် တိုင်းဒေကြီးမီးသတ်ဦးစီးဌာနမှ ချထားပေးသော Speed Boat တစ်စီးဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ဧရာဝတီမြစ်ကြောင်း တစ်လျှောက် လှည့်လည်အသိပေးကြေညာခဲ့ကြောင်းသိရသည်။

ကိုကြေးမုံ