မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မုဒုံမြို့နယ်၊ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံနှင့် ဘက်စုံနည်းပညာသုံး စံပြကျေးရွာ၌ ရွက်ဖျန်းမြေဩဇာများ ပက်ဖျန်းမှု အခြေအနေများကို ကြည့်ရှု အားပေး

မုဒုံ ဇွန် ၂၉     

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့  ညနေပိုင်းက မုဒုံမြို့နယ်၊ နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ ( မုဒုံ)သို့ ရောက်ရှိခဲ့ရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင့်နိုင်က နည်းပညာဖွံ့ဖြိုးရေးခြံမှ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ၊ ရည်ရွယ်ချက်နှင့် ရော်ဘာအခြေခံ ဘက်စုံစိုက်ပျိုးမွေးမြူရေး စံပြစိုက်ကွက် ဖော်ဆောင်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် နည်းပညာဖွံ့ဖြိုးရေး ခြံတာဝန်ခံက ဖွံ့ဖြိုးရေးခြံအတွင်း သီးနှံများစိုက်ပျိုး ထားရှိမှုနှင့် ရော်ဘာပင်တန်းကြားများ၌ ကြားသီးနှံများ ထည့်သွင်းစိုက်ပျိုးမှု အခြေအနေ၊ ကော်ဖီမျိုးပင်များ စမ်းသပ်စိုက်ပျိုးရန် စီစဉ်ထားမှုများ ကိုကိုးပင်၊ ဝဥနှင့် နဂါးမောက်သီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများ စိုက်ပျိုးရေးနှင့် မွေးမြူရေး တွဲဖက် ဖော်ဆောင်ရန် စီမံထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က နည်းပညာဖွံ့ဖြိုးရေးခြံအတွင်း ရော်ဘာအခြေခံ ဘက်စုံ စိုက်ပျိုးမွေး​မြူရေး စံပြကွက်၌ စမ်းသပ်စိုက်ပျိုးထားသည့် ပျိုးပင်များ ရှင်သန်အောင် ဂရုပြု ထိန်းသိမ်းဆောင်ရွက်ရန်နှင့် သီးနှံစိုက်စွမ်းအား မြင့်မားလာစေရေး သုတေသနပြု လေ့လာကြရန် လိုအပ်ကြောင်း၊ မွန်ပြည်နယ်သည် နှစ်ရှည်သီးနှံ ရော်ဘာပင်ကို အများဆုံး စိုက်ပျိုးသည့် ရော်ဘာပြည်နယ်ဖြစ်သဖြင့် ရော်ဘာအစေးထွက်ရှိမှု ယခုထက် ပိုမို ကောင်းမွန်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူများ ဝင်ငွေတိုးတက်လာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ ရော်ဘာပင်တန်းကြား၌ ကြားသီးနှံများ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများ ရရှိလာမည်ဖြစ်ရာ ရော်ဘာ စိုက်ပြည်သူများကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန် လိုအပ်မည်ဖြစ်ကြောင်း လမ်းညွှန်ပြေားကြားခဲ့သည်၊၊

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခြံအတွင်း စိုက်ပျိုးထားရှိသည့် ကိုကိုးပင်၊ ဝဥအပင်နှင့်ကော်ဖီပျိုးပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်နေမှုနှင့် ဒေသကြက် ခြံ၊ ငါးခူနှင့် စားဖားမွေးမြူထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထိုမှတစ်ဆင့် ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုဒုံမြို့နယ် ဘဲရမ်းကျေးရွာရှိ ဘက်စုံအဆင့်မြင့် နည်းပညာသုံး မိုးစပါးစံပြစိုက်ခင်း ဧက (၃၀၀) စိုက်ပျိုးထားသည့် နေရာသို့ရောက်ရှိရာ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက မိုးစပါးစိုက်ပျိုးပြီးစီးမှုနှင့်နွေစပါးစိုက်ပျိုးမည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က အထွက်ကောင်းပြီး ဒေသနှင့် ကိုက်ညီသည့်  ပျိုးသက်နုစပါးများ စိုက်ပျိုးစေရေး၊ သွင်းအားစု မြေသြဇာများကို စနစ်တကျ သုံးစွဲရေးအတွက်မှာကြားကာ စိုက်ခင်းအတွင်း ရွက်ဖျန်းမြေဩဇာများ ပက်ဖျန်းခြင်း၊ ပေါင်းသင်ရှင်းလင်းခြင်း၊ စပါးအထွက်နှုန်းကောင်းမွန်စေရေးတို့ အတွက် လိုအပ်သည့် မြေဩဇာများ ပက်ကျဲခြင်း ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများထံ ရွက်ဖျန်းမြေဩဇာများ၊ သီးနှံမျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)