မောင်တော ဇွန် ၂၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို ကျား၊ မ ရေးရာ (Gender) နှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက် ၉ နာရီအချိန် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ထို့သို့အသိပညာပေးဟောပြောရာတွင် မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်က အကြမ်းဖက်မှု ကိစ္စရပ်များ၊ လက်ရှိမြန်မာနိုင်ငံအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု ဖြစ်ပွားခဲ့မှု အခြေအနေများနှင့် ကျားမအခြေပြု အကြမ်းဖက်မှု ဖြစ်ပွားအောင် ထောက်ပံ့ ပေးသည့် အကြောင်းအရာများ၊ အကြမ်းဖက်မှု တုန့်ပြန်ဆောင်ရွက်မှုအတွက် အခြေခံလမ်းညွန်းများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် နေရာမရွေး၊ အချိန်မရွေး ဖြစ်ပွားနိုင်ပါကြောင်း၊ အကြမ်းဖက်မှုအမျိုးမျိုး၊ ကျားမအခြေပြုအကြမ်းဖက်မှုဆိုသည်မှာ လူမှုရေးအရ ခွဲခြားသတ်မှတ်သည့် ကျား၊ မ ရေးရာ စံနှုန်းများအပေါ် အခြေခံ၍ တစ်ဦးတစ်ယောက်၏ စိတ်ဆန္ဒကို ဆန့်ကျင်လျက် ထိခိုက်နှစ်နာစေရန် ကျူးလွန်မှုများသည် ထိခိုက်နစ်နာမှု(သို့မဟုတ်) ဝေဒနာခံစားမှုများကို ဖြစ်ပေါ်စေသည့် အပြုအမူများ၊ ထိုအပြုအမူများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်းနှင့် လွတ်လပ်ခွင့်ကို တားဆီးပိတ်ပင် သည့် အခြားအပြု အမူများ ပါဝင်ကြောင်း၊ အကြမ်းဖက်မှု အကျိုးအဆက်များ၊ ပြစ်မှုကျူးလွန်သူများအား ပြစ်မှုနှင့် ပုဒ်မ(ကျင့်ထုံး)၊ ပြစ်ဒဏ်များ၊ အကြမ်းဖက်မှု ဖြစ်ပွားပါက တိုင်ကြားဆက်သွယ်ရမည် နေရာများ၊ အခြေအနေများနှင့် ပတ်သတ်၍ ပရိုဂျက်တာဖြင့် ရှင်းလင်းပြသ ပြောကြားခဲ့ပြီး အသိပညာ ပေး ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး ဦးမောင်ခင်ဝင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ သူများ စုစုပေါင်းအင်အား ၃၀၀ ဦးခန့် တက်ရောက်ခဲ့သည်။
သက်လွင်စိုး