ကျိုက်ထို ဇွန် ၂၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသားလူငယ်များ အားကစားကို စိတ်ပါဝင်စားလာစေရန် အားကစား၏ အကျိုးကျေးဇူးကို သိရှိပြီး ပုံမှန်အားကစားလေ့ကျင့်မှုများ ပြုလုပ်နိုင်ကြစေရန်၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများအကြောင်း သိရှိပြီး မျိုးဆက်သစ်လူငယ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲပြုလုပ်ရာတွင် သထုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းရွှေမှ အားကစားပညာရပ်များဖြစ်သော ဘောလုံးကစားခြင်းဆိုင်ရာ နည်းစနစ်များ၊ ဘော်လီဘောကစားခြင်းဆိုင်ရာနည်းစနစ်များ၊ ဘက်စကပ်ဘောဆိုင်ရာ နည်းစနစ်များ၊ ပြေးခုန်ပစ်ဆိုင်ရာ နည်းစနစ်များ၊စစ်တုရင်ကစားခြင်းနည်းစနစ်များ၊စားပွဲတင်တင်းနစ်နည်းစနစ်များ၊ လှေလှော်ရွက်တိုက်နည်းစနစ်များနှင့်အတူ မြန်မာ့ရိုးရာ သိုင်းပညာရပ်အကြောင်းများကို ပြောကြားခဲ့သည်။
ယင်းနောက် မြန်မာ့ရိုးရာ သိုင်းပညာအား ဦးအောင်ခိုင်စိုး (မူအုပ်-တောင်ကလေး) ဦးဆောင်၍ လူငယ်များက လက်နက်မဲ့ ခုခံကာကွယ်ခြင်း၊ လက်နက်ဖြင့် ခုခံကာကွယ်ခြင်း၊ သိုင်းပညာရပ်ကို သရုပ်ဖော် အလှပြကွက်များဖြင့် လူငယ်များ အားကစားလိုက် စားလိုစိတ်ရှိစေရန် သရုပ်ဖော် ကပြခဲ့ကြသည်။
အဆိုပါ အားကစားနည်းများကို လေ့ကျင့်သင်ကြားလိုသူများအနေဖြင့် ကျိုက်ထိုမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတွင် အမည်စာရင်းနှင့် နေရပ်လိပ်စာများ ပေးသွင်းထားနိုင်ကြောင်း သိရသည်။
ဝင်းမောင် (ကျိုက်ထို)