မိုးညှင်းမြိုနယ်၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ကွင်းဆင်း ဆောင်ရွက်

မိုးညှင်း ဇွန် ၂၉

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် (VDP) စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက အင်းလေးကျေးရွာအုပ်စု အင်းလေးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူးဦးမြသိန်းဝင်းက "ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)သည် ကျေးရွာ လိုအပ်ချက်များကို ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ရွေးချယ်ခြင်း၊ ဆုံးဖြတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းစနစ်ဖြင့် ဆောင်ရွက်ရသော စီမံကိန်းဖြစ်ကြောင်း၊ ကျေးရွာလူထုကိုယ်တိုင် ရွာ​၏လိုအပ်ချက်များ ဖော်ထုတ်ခွင့်ရရှိ၍ ကဏ္ဍများအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်းပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေး အစီအစဉ်တစ်ရပ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပါကြောင်း " အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ (VDP) စီမံကိန်းတာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ(၂) ဒေါ်ယဉ်ယဉ်ချိုနှင့် ဝန်ထမ်းများက ကျေးရွာကော်မတီရွေးချယ်မှု သတ်မှတ်ချက်များ၊ စီမံကိန်းရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များအကြောင်း ရှင်းလင်းပြောကြားကာ ကျေးရွာသူ ကျေးရွာသားများ၏ အများသဘောဆန္ဒနှင့်အညီ ဆန္ဒမဲပေးပြီး ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များအား ဖွဲ့စည်းခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအား ကျေးရွာလူထုမှ ရွေးချယ်ခဲ့ကြသည်။

မိုးညှင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အင်းလေးကျေးရွာအုပ်စု၊ အင်းလေး ကျေးရွာအပါအဝင်  ဘိုကုန်းကျေးရွာ၊ ပျော်ဘွယ်ကျေးရွာ၊ ဘုံချောင်းကျေးရွာ၊ ကွင်းကြီးကျေးရွာ၊ ရွှေလက်ပံကျေးရွာ၊ မြင်သာကျေးရွာ၊ ရွာသစ်ကလေးကျေးရွာစသည့် ကျေးရွာ(၈)ရွာတို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် ရန်ပုံ ငွေကျပ်(၁၀)သန်းကို ကျေးရွာလူထုထည့်ဝင်ငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းထံမှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)