လယ်ဝေး ဇွန်၂၉
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ရုံးပင်ကျေးရွာရှိ တောင်သူဦးမြင့်ဦး၏ ယာမြေ (၈)ဧကတွင် ယနေ့နံနက်ပိုင်းက မျိုးစေ့ချကိရိယာ (Pneumatic Seeder) ဖြင့် အစေ့ထုတ်ပြောင်းစိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြဆောင်ရွက်ခဲ့သည်။
အဆိုပါ သရုပ်ပြပွဲသို့ စက်မှုလယ်ယာဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးနိုင်ဦး၊ ဒက္ခိဏခရိုင် ဦးစီးမှူး ဦးတိုးသီလ၊ အမှတ်(၁) အလတ်စားစက်ပြင်အလုပ်ရုံမှ လက်ထောက် ညွှန်ကြားရေးမှူးဦးညွန့်ဦး၊ လယ်ဝေးမြို့နယ်ဦးစီးမှူး ဦးစန်းမျိုးထက်နှင့်ဌာနဆိုင်ရာများ၊ ဒေသခံ ပြောင်းစိုက်တောင်သူများ တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများက ဒေသခံပြောင်းစိုက် တောင်သူများအား (Pneumatic Seeder) မျိုးစေ့ချကိရိယာဖြင့် အစေ့ထုတ်ပြောင်းစိုက်ပျိုးခြင်းအကြောင်း အသိပညာပေးရှင်းလင်းပြောကြား၍ စက်ဖြင့်လက်တွေ့စိုက်ပျိုးခဲ့သည်။
အဆိုပါ မျိုးစေ့ချကိရိယာဖြင့် ပြောင်း၊ နေကြာ၊ မြေပဲ၊ ကုလားပဲ သီးနှံများအား စိုက်ပျိုးနိုင်ပြီး တိကျမှုရှိခြင်း၊ မျိုးစေ့များလေလွင့်ပြုန်းတီးမှုသက်သာခြင်း၊ အချိန်ကုန်သက်သာခြင်း၊ သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ခြင်း၊ လုပ်သားအင်အားရှားပါးမှုအား ဖြေရှင်းနိုင်ခြင်းတို့ကြောင့် ဒေသခံ တောင်သူများအနေဖြင့် မျိုးစေ့ချကိရိယာဖြင့် ငှားရမ်းအသုံးပြုစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ် စက်မှုလက်ယာဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)