မော်လမြိုင် ဇွန် ၂၉
၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် သမဝါယမ စာရင်းရေး၊ စာရင်းကိုင် သက် မွေးပညာ သင်တန်းကျောင်း၌ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်ထောက်ကူပစ္စည်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သက်မွေးပညာ သင်တန်းကျောင်း ရာမညဆောင်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ လမ်းပန်းဆက်သွယ်ရေး၀န်ကြီး တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးမျိုးဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ကျရောက်မည့် နှစ်၁၀၀ ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြု ကြိုဆိုတဲ့အနေဖြင့် မွန်ပြည်နယ် အတွင်းရှိ သမဝါယမအသင်း အဆင့်ဆင့် (၁၈)သင်းမှ သမဝါယမ စာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်)အတွက် စားသောက်စရိတ် လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းဖြစ်ပါကြောင်း သင်တန်းသား၊ သင်တန်းသူများ၏ စားသောက်ရေး နေထိုင်ရေးနှင့် သင်ကြားရေးအတွက် အထောက်အကူပြု ပစ္စည်းများကိုလည်း နိုင်ငံတော်အစိုးရ ဘတ်ဂျက်အနေနှင့် ထောက်ပံ ဆောင်ရွက်ပေးလျက် ရှိသလို ပြည်နယ် အတွင်း သမဝါယမအသင်းများက အသင်း၏ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လူမှုအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်နေတာတွေလည်း တွေ့ရပါတယ်။ မိမိတို့ လူ့အဖွဲ့အစည်းအတွင်း လူငယ်လူရွယ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေး နိုင်ရေးအတွက် သမဝါယမအသင်းများက အားတက်သရော လှူဒါန်းပေးမှုအတွက် ပီတိဖြစ်မိပါကြောင်း၊ မွန်ပြည်နယ်အတွင်း ထုတ်လုပ်မှု ၀န်ဆောင်မှု ကုန်သွယ်မှု သမဝါ ယမအသင်းပေါင်း (၇၃၃)သင်း ဖွဲ့စည်းထားရှိပြီး မြို့နယ် သမဝါယမအသင်းစုများနှင့် အခြေခံသမဝါယမအသင်းများမှ သက်မွေး သင်တန်းကျောင်း သင်တန်းသား/သူ များ စားသောက်စရိတ်အတွက် စုစုပေါင်း(၂၂၅.၃၁)သိန်းနှင့် ပြည်နယ်သမဝါယမ ဦးစီးဌာနကစုပေါင်း၍ သင်ထောက်ကူပစ္စည်းဘောလ်ပင်၊ စာရင်းရေးဆွဲရန် စာအုပ်များ တန်ဖိုးငွေ (၁၄၅၀၀၀)ကို ပေးအပ်လှူဒါန်းကြတာဖြစ်ပါကြောင်း အပြည်ပြည်ဆိုင်ရာ သမဝါယမ အဖွဲ့ချုပ်မှ ထုတ်ပြန်သော အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဆောင်ပုဒ် ဖြစ်သည့် “ကမ္ဘာလောက ပိုမို ကောင်းမွန်ရေး သမဝါယမများက တည်ဆောက်ပေး” ဆိုသည့် စကားနှင့်အညီ မွန်ပြည်နယ်အတွင်း သမဝါယမအသင်းများကလည်း လူမှုအကျိုးပြု လုပ်ငန်းများကို တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးပြီး သမဝါယမ၏ အနှစ်သာရကို ပေါ် လွင်အောင် ပြသနိုင်သည့်အတွက် များစွာ ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်သမဝါယမ အသင်းစုဥက္ကဌများအား တာ၀န်ရှိသူ အသီးသီးက ဂုဏ်ပြုမှတ်လွှာများပေးအပ်ခဲ့ပြီး ပြည်နယ် သမဝါယမဦးစီးဌာနက လှူဒါန်းသည့် သင်ထောက်ကူပစ္စည်းများကို ပြည်နယ်ဦးစီးမှူးက ပေးအပ်ခဲ့ကာ သင်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်စန္ဒာထွန်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့် ခရိုင်ပြန်/ဆက်