တောင်သာ ဇွန် ၂၉
တောင်သာမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်၊ နွေစပါးစိုက်ပျိုးရာသီတွင် ကျောဇီမြစ်ရေတင်ဒေသ (၄၁၀)ဧက၊ ကျောက်တစ်လုံးဆည်ရေသောက်ဒေသ (၁၂၀)ဧက၊ ဆင်တဲဝဆည်ရေ သောက်ဒေသ (၁၆၄)ဧက၊ ကျောက်တန်းယာ ကန်ရေသောက်ဒေသ (၂၅)ဧက စုစုပေါင်း (၇၁၉)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ နွေစပါးစိုက်ပျိုးရာတွင် ဆင်တဲဝဆည်ရေသောက်ဒေသ၊ အိုင်သာကျေးရွာတွင် တောင်သူ (၆၈) ဦးဖြင့် နွေစပါးဧက (၁၀၀)၊ တစ်ဧက အထွက်နှုန်း တင်း(၁၂၀)အထက် ထွက်ရှိရေး စံပြကွက် ကို ဆောင်ရွက်ခဲ့သည်။ စံပြကွက် စိုက်ပျိုးမည့် တောင်သူများအား စပါးအထွက်နှုန်းတိုးစေရန် တောင်သူ နည်းပညာပေး ဆွေးနွေးခြင်းနှင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေးအတွက် မနောသုခ (RS)၊ မျိုးသန့် စပါးအခမဲ့ ဖြန့်ဝေခြင်းနှင့် ပံ့ပိုးပစ္စည်းပေးအပ်ခြင်းကို ဖေဖော်ဝါရီလ(၂၅) ရက်နေ့က တောင်သာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ပေးအပ်ခဲ့ပြီး ယင်းနွေစပါးပျိုးထောင်ချိန်မှ ရိတ်သိမ်းချိန်အထိ အပင်သက်တမ်းတစ်လျောက်လိုအပ်သော နည်းပညာများကို မြို့နယ်ဦးစီးမှူးမှ ကြီးကြပ်ပြီး တာဝန်ကျဝန်ထမ်းများမှ အချိန်နှင့်တစ်ပြေးညီ ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လက်ရှိအခြေအနေတွင် နွေစပါးမှို့ကပ်ချိန်ကာလ ရောက်ရှိနေပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ အဆိုပါ နွေစပါးစိုက်ခင်းများအား ဇူလိုင်လကုန်တွင် ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မျိုးနိုင်