ဖားကန့် ဇွန် ၂၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ အား လူကုန်ကူးမှုနှင့် ပတ်သက်သည့် အသိပညာများ သိရှိနိုင်စေရန် ရည်ရွယ်၍ အမှတ်(၃) လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မိုးညှင်း)မှ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်အခြေခံပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ထွန်းက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ပေးရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မိုးညှင်း)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်တင့်လွင်က လူကုန်ကူးမှုဆိုတာ လူသည် ရောင်းကုန်မဟုတ်ကြောင်း၊ လူတစ်ဦးသည် အခြားလူတစ်ဦးကို အဓမ္မပြည့်တန်ဆာလုပ်ခိုင်းခြင်း၊ အခြားကာမဆိုင်ရာ ကိစ္စတစ်မျိုးမျိုး ပြုလုပ်ခိုင်းခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မလက်ထပ်ထိမ်းမြားခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန် ကဲ့သို့ခိုင်းစေခြင်း၊ အခြားသူတစ်ယောက်၏ ခန္တာကိုယ်အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစားခြင်း စသည် တို့ကို ပြုလုပ်ရာမှ ငွေကြေးကိုသော်လည်းကောင်း၊ အကျိုးအမြတ် တစ်စုံတစ်ရာကိုသော်လည်းကောင်း လက်ခံခြင်း (သို့မဟုတ်) လက်ခံရယူရန် သဘောတူခြင်းနှင့် လုပ်အားခလစာများ ခေါင်းပုံဖြတ်ခြင်းစသဖြင့် ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ လူကုန်ကူးမှုနှင့် ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များနှင့် မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှု တိုင်ကြားနိုင်ရန် အတွက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ အရေးပေါ်ဖုန်းနံပါတ်များကို ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၈၂)ဦးအား လူကုန်ကူးမှုနှင့် ပတ်သက်၍ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)