တာမွေ ဇွန် ၂၉
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်း များရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုအလျင်အမြန် ရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၂ ခုနှစ် ဇွန်လ(၃၀)ရက်နေ့ နံနက်ပိုင်း အချိန်မှစတင်ကာ တာမွေမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်း၌ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူ (၃၅၄၉)ဦးအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။ (ပုံ - တာမွေမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေစဉ်)
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇွန်လ(၂)ရက်နေ့မှ စတင်ကာ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား (ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ရာ ယနေ့အထိ မြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/ သူ (၃၅၄၉)ဦးအား (ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည့် ကျောင်းသား/သူများအား ၂၀၂၂ ခုနှစ် ဇွန်လ(၃၀)ရက်နေ့မှ စတင်ကာ (ဒုတိယအကြိမ်)အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်မံထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သတင်းရသည်။
နိုင်လင်းအောင်(တာမွေ)