ဆိပ်ကြီးခနောင်တို ဇွန် ၂၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ပြီးခဲ့သည့် ဇွန် ၂ ရက် ကျောင်းစတင်ဖွင့်သည့်ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၃၁၇၆ ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အခြေခံပညာကျောင်း ၁၇ ကျောင်းရှိရာ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သီတာတင်ဝင်းမှကြီးကြပ်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် ၅ နှစ် မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို ပထမအကြိမ်အဖြစ် သက်ဆိုင်ရာ ကျောင်းများအလိုက် နေ့စဉ်လိုက်လံထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး၊ လာမည့် ဇွန် ၃၀ ရက်နေ့တွင်လည်း ဒုတိယအကြိမ်အဖြစ် ကျောင်းများတွင် စတင်ထိုးနှံပေးသွာမည်ဖြစ်ရာ၊ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဝေယံ(IPRD)