မိုးမိတ် ဇွန် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဝင်းမောင်နှင့်ဝန်ထမ်းများ ၊မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရေကန်၊ ရေလှောင်ကန်များအား အဘိတ်ဆေးခတ်ခြင်း၊ ပိုးလောက်လန်းရှိသော ရေခွက်ငယ်များသွန်ပစ်ခြင်း၊ ပိုလောက်လန်းများ ပေါက်ဖွားမှုမရှိစေရေး ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူလူနာမရှိကြောင်းနှင့် ဆေးရုံတက်ရောက်သူ လူနာအနည်းငယ်သာရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စည်သူဌေး(ခရိုင်ပြန်/ဆက်)