မြစ်သားမြို့တွင် တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ

မြစ်သား ဇွန် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး၊ မြို့နယ် တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်စိုပြေဝင်းက ကျန်းမာရေးကောင်းဖို့ ဆီလျှော့စားသုံးစို့ အကြောင်းနှင့်ပတ်သက်သည့် အိမ်ရှင်မတွေ ဆီသုံးများနေကြောင်း၊ အိမ်တစ်အိမ်မီးဖိုချောင်က ကြော်လှော်ချက်ပြုတ်ပြီး အစားအစာတွေကို တစ်အိမ်သားလုံးနေ့စဉ်မပျက် စားသုံးနေကြရမှာ ကျန်းမာရေးဗဟုသုတပြည့်ဝနေကြတယ်ဆိုရင် ပိုမိုကောင်းမွန်ကြောင်း၊ အစားအစာချက်ပြုတ်တဲ့အခါ အန္တရာယ်မဖြစ်စေရေး အထူးသတိထားဆင်ခြင်သင့်ကြောင်း၊ လူသားတို့ စားသောက်ချက်ပြုတ်နေတဲ့ ဆီတွေထဲမှာ မပြည့်ဝဆီနှင့် ပြည့်ဝဆီများအကြောင်း၊ မြန်မာလူမျိုးတို့ရဲ့ အဓိကပြဿနာက ချက်ပြုတ်ပြင်ဆင်ထားသည့်ဟင်းတွေရဲ့ အကြော် အလှော်တွေမှာ ဆီကိုလိုအပ်သည့်ပမာဏထက် ပိုမိုသုံးနေကြသည့်အတွက် ကျန်းမာရေးအမြင်အရ ဘေးအန္တရာယ်ဖြစ်နိုင်ကြောင်း၊ ဆီအမျိုးမျိုးစားသုံးခြင်းကြောင့် ဖြစ်ပေါ်စေနိုင်တဲ့ ကောင်းကျိုးနှင့်ဆိုးကျိုးများအကြောင်း၊ ကျန်းမာပျော်ရွှင်တဲ့ဘဝလူနေမှု စနစ်ပိုင်ဆိုင်နိုင်ဖို့ ဆီစားသုံးမှုလျှော့သင့်ကြောင်းနှင့် လတ်ဆတ်သောအသီးအနှံများကို နေ့စဉ်စားသုံးပါက ကျန်းမာရေးနှင့်ညီညွတ်ကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေး ပြောကြားသည်။

သီတာအောင်(မြစ်သား)