ဟိုပန် ဇွန် ၂၉
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် တိုင်ထောင်ပဲသီး သီးနှံအစား ပြောင်းဖူးသီးနှံများအများအပြား အစားထိုးစိုက်ပျိုးခဲ့မှုကြောင့် စီးပွားရေး အဆင်ပြေလျက်ရှိလာကြောင်း သိရသည်။
ဟိုပန်မြို့နယ်အတွင်းတွင် ယခင်နှစ်များက တိုင်ထောင်ပဲသီးများကို ဦးစားပေးစိုက်ပျိုးခဲ့ရာ ထွက်ရှိလာသည့် ပဲသီးများကို ချင်းရွှေဟော် နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်ပြည်ဘက်သို့ တင်ပို့ရောင်းချခဲ့သည်၊ ပြီးခဲ့သည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါကာလဖြစ်သည့်အလျောက် တရုတ်ပြည်ဘက်က အဝယ်မရှိဖြစ်ခဲ့၍ အရှုံးများပေါ်လာခဲ့ကြသည်၊ သို့ဖြစ်၍ တောင်သူများအနေဖြင့် ယခုနှစ်တွင် တိုင်ထောင်ပဲသီးအစား ပြောင်းဖူးသီးနှံများကို အစားထိုးစိုက်ပျိုးခဲ့ကြသည်၊ လတ်တလောတွင် ပြောင်းဖူးသီးနှံများက ဈေးကောင်းရရှိ၍ တောင်သူများအနေဖြင့် စီးပွားရေးအဆင်ပြေလျက်ရှိလာကြောင်း ဟိုပန်မြို့နယ်၊ မော်ဟွေ့ကျေးရွာမှ ပြောင်းဖူးစိုက်တောင်သူတစ်ဦးက ပြောကြားသည်။
အဆိုပါ ပြောင်းဖူးသီးနှံ၏ စိုက်ပျိုးကာလမှာ (၄)လကြာမြှင့်ကာ အစေ့ထုတ်ပြောင်း (ရှမ်းပြောင်း)နှင့် ဖူးစားပြောင်း(သကြားပြောင်း) နှစ်မျိုး စိုက်ပျိုးနိုင်သည်။ ပြောင်းဖူးသီးနှံများကို ဟိုပန်၊ ချင်းရွှေဟော်မှတစ်ဆင့် တရုတ်ပြည်ဘက်သို့ တင်ပို့လျက်ရှိပြီး ပြောင်းဖူးအစိမ်းတစ်ဖူးလျှင် မြန်မာငွေကျပ်ငါးရာနှင့် ပြောင်းဖူးအခြောက် တစ်ပိသာလျှင် မြန်မာငွေကျပ် တစ်ထောင်ကျပ်ခန့်ရရှိကြောင်း သိရသည်။
ဟိုပန်မြို့နယ်တွင် မန်မိုင်ရပ်ကွက်၊ နမ့်လျန်ရပ်ကွက်၊ မော်ဟွေ့ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် တိုင်ထောင်ပဲသီးအစား ပြောင်းဖူးသီးနှံများကို ယခင်နှစ်ထက် ယခုနှစ်တွင် အများအပြားစိုက်ပျိုးလျက်ရှိကြောင်းနှင့် အစေ့ထုတ်ပြောင်းဧက(၄၀၀)နှင့် ဖူးစားပြောင်းဧက (၁၀၀)ခန့် စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)