မိတ္ထီလာမြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါမျိုးစေ့ ပြန်လည်ဝယ်ယူစုဆောင်းရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မိတ္ထီလာ  ဇွန်  ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါမျိုးစေ့ ပြန်လည်ဝယ်ယူစုဆောင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် မိုးကြိုချည်မျှင်ရှည်ဝါမျိုးစေ့ ပြန်လည်ဝယ်ယူစုဆောင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်း၊ မိတ္ထီလာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် ရမည်းသင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ နှင့် ဝါစက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်းက ဝါသီးနှံစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူမျိုးစေထုတ်စိုက်ခင်းများမှ ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ခဲ့ကြောင်း၊ ရရှိလာသည့် မျိုးကောင်းမျိုးသန့်များကို ဌာန၊ တောင်သူ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ မျိုးကောင်းမျိုးသန့်များကို စနစ်တကျ ဝယ်ယူစုဆောင်းသွားမည်ဖြစ်ကြောင်း၊ ကြိတ်ခွဲပြီး ဝါမျိုးစေ့များ ကိုလည်း စနစ်တကျစုဆောင်းပြီး မိုးနှောင်းရာသီ ဝါစိုက်တောင်သူများသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ရမည်းသင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပြီး ဝါလုပ်ငန်းရှင်များကလည်း ပူးပေါင်းဆောင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)