မြစ်သား ဇွန် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ပူးပေါင်း၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကိုယမန်နေ့မွန်းလွဲ(၃)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲမှူးမောင်မောင်က မီးပွိုင့်နှင့်လမ်းဆုံတွင် လိုက်နာရမည့်အချက်များ၊ လူကူးမျဉ်းကြားလမ်းအသုံးပြုသူများအနေဖြင့် လူကူးမျဉ်းကြားအနီးရောက်ပါက လမ်းဖြတ်ကူးနေသူများ၊ လမ်းဖြတ်ကူးရန် စောင့်နေသူများရှိလျှင် ယာဉ်ရပ်လိုက်ရန်လိုအပ်ကြောင်း၊ လမ်းညွှန်ဖြင့်ဖော်ပြထားသည့် လူကူးရန်နေရာ၊ကျောင်းရှေ့ရှိ လူကူးရန်နေရာတို့တွင် ဖြတ်ကူးသူများရှိပါက ၄င်းနေရာမရောက်မီ အနည်းဆုံး (၅မီတာ)အကွာတွင် ယာဉ်ကိုခေတ္တရပ်၍ လမ်းဖြတ်ကူးသူရှင်းမှ ဆက်မောင်းရမည်ဖြစ်ကြောင်း၊ ရပ်ခြင်း၊ ရပ်ဆိုင်းခြင်းဆိုင်ရာလိုက်နာရမည့်အချက်များနှင့်အခြားယာဉ်၏ နောက်မှ/ရှေ့မှလိုက်ခြင်း၊မျက်နှာချင်းဆိုင်ယာဉ်နှင့်တိမ်းရှောင်ခြင်း စသည်တို့ကို ဒေသခံပြည်သူများသိရှိစေရန်အတွက် အကျယ်တဝင့်အသိ ပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။
သီတာအောင်(မြစ်သား)