နောင်ချိုမြို့နယ်၌ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အသိပညာပေးဟောပြော

နောင်ချို ဇွန် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်များအကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကျော်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက "လူငယ်များအကျင့်စာရိတ္တကောင်းမွန်ရေးနှင့်မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး" ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေးအတွက် ကလေးဘဝမှစ၍ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ပညာဂုဏ်ပြည့်စုံဖို့ ကြိုးစားကြရန် လိုအပ်ကြောင်း၊ မိမိစာပေနှင့်ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ချစ်ခင်မြတ်နိုးတန်ဖိုးထားကြရန် လိုအပ်ကြောင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား မေးခွန်းများမေးမြန်းပြောကြားစေခြင်းများ ဆောင်ရွက်ခဲ့သည်။ ဟောပြောပွဲအား ယနေ့ခေတ်လူငယ်၊ လူရွယ်များ လမ်းမှားသို့ မရောက်ရှိစေရေး၊ အမှား၊ အမှန်ကို ခွဲခြားသိရှိစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေး ရည်ရွယ်၍ ဟောပြောပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဟောပြောပွဲသို့ အထက်တန်း၊ အလယ်တန်း ကျောင်းသား/ ကျောင်းသူ (၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)