ပေါက်တော ဇွန် ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပေါက်တောမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြီး ဖွင့်လှစ်သည့် ပင်လယ်ပြင် ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း (Basic On-Job Skill Training )ကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမောင်တင်က ပင်လယ်ပြင် ငါးဖမ်းရေ လုပ်သားများ ပင်လယ်ပြင်ခရီးဆိုင်ရာ အသက်ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ငါးဖမ်းစက်ကိရိယာဆိုင်ရာ ကိစ္စရပ်များ၊ ရေလုပ်သားများ၏ ကျန်းမာရေးစောင့်ရှောက်ရေးဆိုင်ရာ ကိစ္စများနှင့် ရေသယံဇာတထိန်းသိမ်းရေး ဆိုင်ရာကိစ္စရပ်များ၊ ငါးလုပ်ငန်းနှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ ဘေးအန္တရာယ် ကျရောက်ဖြစ်ပေါ်လာပါက ထိခိုက်မှုနည်းပါးစေရန် နည်းလမ်းများ စသည့်တို့ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဆေးဘူး အသုံးပြုမှုများအားလည်းကောင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦးပြုစုလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း စသည့် အကြောင်းအရာများကို အသီးသီးဆွေးနွေးကြသည်။ အဆိုပါ သင်တန်းသို့ ပေါက်တောမြို့ပေါ်ရှိ ရပ်ကွက်များမှ ရေလုပ်သား ၂၀ ဦးတက်ရောက်ကြပြီး သင်တန်းကို စာတွေ့၊ လက်တွေ့ နှစ် ရက်ကြာ သင်ကြား ပို့ချ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)