ပင်းတယမြို့နယ်၌ ရင်ကွဲသရက်သီးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ပင်းတယ ဇွန် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ အများစုမှာ စိန်တလုံးသရက်သီးကိုသာ အဓိကထားစိုက်ပျိုးကြပြီး၊ အမျိုးအစားမတူသည့် သရက်ခြံများလည်း စိုက်ပျိုးထားရှိရာ ယခုအခါရင်ကွဲသီးသရက်ခြံများလည်း စိုက်ပျိုးအောင်မြင် ဖြစ်ထွန်း လျက်ရှိသည်။

အဆိုပါ ရင်ကွဲသရက်သီး အမျိုးအစားမှာ အကိုင်းဆက်ပင်များ ဖြစ်ပါက စိုက်ပျိုးသည့် အချိန်မှ ၄ နှစ်အကြာတွင် အပင်မှ သရက်သီးများ စတင်ထွက်ရှိလာပြီဖြစ်ကြောင်း၊ နဂို မူလအတိုင်း စိုက်ပျိုးသည့် အပင်များဖြစ်ပါက ၅ နှစ်မှ ၆ နှစ်အချိန်ကျမှ အသီးများထွက်ရှိလာမည် ဖြစ်ကြောင်းနှင့် သြဂုတ် လဆန်းပိုင်းမှစတင်၍ ရရှိလာသည့်သရက်သီးများကို မန္တလေး၊ အောင်ပန်း စသည့်ပွဲရုံများသို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း တောင်သူဦးကြီး တစ်ဦးထံမှ သိရှိရသည်။

ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၃၈၈၀ ပေရှိပြီး၊ အေးချမ်းသည့် ရာသီဥတုကိုရရှိသည့် တောင်ပေါ်ဒေသဖြစ်၍၊စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ကြသည့် လက်ဖက်၊ ဂျူး၊ ပဲပုတ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ တောင်ယာ၊ လယ်ယာစသည့်တိုကိုတနိုင်တပိုင် စီးပွားရေးလုပ်ငန်းအဖြစ်လုပ်ကိုင်ကြကြောင်း သိရသည်။

ပင်းတယ (ပြန်/ဆက်)