သီပေါ ဇွန် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာအုပ်စု၊ ဘော်ကြိုကျေးရွာ ဒေါ်နန်းဌေး၏ယာမြေတွင် စိုက်ပျိုးထားသော မိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်းအား စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ယမန်နေ့ နံနက်(၁၁)နာရီက ကွင်းဆင်းကြည့်ရှု၍ အဆိုပါစိုက်ခင်းတွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးချိုနိုင်ထွန်း၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းနှင့် တာဝန်ရှိသူများက မိုးနေကြာမျိုးစေ့ ထုတ်စိုက်ခင်းအား ကြည့်ရှုစစ်ဆေး၍ သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးထွန်းမင်းဦးက ဘော်ကြိုကျေးရွာ ဒေါ်နန်းဌေး၏ ယာမြေတွင်မေလ(၂၃)ရက်နေ့ကမှစတင်၍ မိုးနေကြာသီးနှံမျိုးစေ့ထုတ် (ဆင်းရွှေကြာ-၂) စံပြကွက် (၁)ဧကကို စတင်စိုက်ပျိုးဆောင်ရွက်ခဲ့ ကြောင်း၊ အပင်များရှင်သန်ကြီးထွား၍ မျိုးကောင်းမျိုးသန့်များရရှိစေရန် မြေဩဇာကျွေးခြင်း၊ ပေါင်းရှင်းခြင်းနှင့် ဘောင်တင်ခြင်းများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်း၍ တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်ကာ နည်းစနစ်များအား ပညာပေးဆွေးနွေး ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးချိုနိုင်ထွန်းက ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ နေကြာသီးနှံစိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားခဲ့ကြောင်းနှင့် သီပေါမြို့နယ်တွင် မိုးသီးနှံနေကြာကို(၆၂)ဧက စိုက်ပျိုးရန်လျာထားပြီး မိုးသီးနှံနေကြာနှင့် ဆောင်းသီးနှံနေကြာကို (၁၆၈)ဧက စိုက်ပျိုးရန်လျာထားကြောင်း၊ တောင်သူများအား စိုက်နည်းစနစ်မှန်ကန်စေရေး၊ အထွက်ကောင်းမျိုးများသုံးစွဲရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်စေရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)