ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ဂဟေဆက်သင်တန်း (၂/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကင်း ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ရန်ကင်းမြို့နယ် အမှတ်(၁၃)ရပ်ကွက်၊ မြနန္နာလမ်း၊ အမှတ်(၂၉၈)ရှိ အလုပ်သမား ဝန်ကြီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈:၃၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့ တက်ရောက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အဖွင့်အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံမှာရှိတဲ့ ကလေးအလုပ်သမားအများစုမှာ အန္တရာယ်ရှိတဲ့ အလုပ်အကိုင်တွေကို လုပ်ကိုင်နေကြရတဲ့အတွက် အဆိုပါကလေးအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်မှုတွေပေးနိုင်ရန် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်တွေရေးဆွဲပြီး လုပ်ငန်းစဉ်တွေကို အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ စီမံချက်တွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် ဒုတိယသမ္မတ(၁)က ဦးဆောင်တဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ ဖွဲ့စည်းခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နှင့်အညီ လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတက်ရေး၊ ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရေး၊ Skilled Labour များအား လုပ်ငန်း ကျွမ်းကျင်မှုအပေါ်မူတည်၍  Certificate ထုတ်ပေးရေး၊ စက်ရုံများမှတ်ပုံတင်ရေးနှင့် SME လုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အသက်မွေးဝမ်းကျောင်းအတတ်ပညာများကို စနစ်တကျ သင်ယူတတ်မြောက်ပြီး ကျွမ်းကျင်လုပ်သားများအဖြစ် မိမိနိုင်ငံ၊ မိမိလူမျိုးနဲ့ မိသားစုတွေကို အကျိုးကျေးဇူးရရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်သူများ ဖြစ်စေလိုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အရိုင်စီမံအုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား/သူ (၂၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

အိရွှေစင်