နေပြည်တော် ဇွန် ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အရှေ့ခြမ်းတောင်ပေါ်ဒေသလုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပျဉ်းမနားမြို့နယ် အရှေ့ခြမ်း တောင်ပေါ်ဒေသ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထား ဆောင်ရွက်စေလိုကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို အလေးထားပြီး ဆောင်ရွက်စေလိုကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ပျဉ်းမနားမြို့နယ် အရှေ့ခြမ်းတောင် ပေါ်ဒေသလုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို အသေးစိတ်ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်အတူ ဇွန်လ(၂၅)ရက်နေ့ ညပိုင်းအချိန်က အမည်မသိသူနှစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေနတ်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည့် ပျဉ်းမနားမြို့နယ်၊ အလယ်ချောင်း ကျေးရွာအုပ်စု၊ အလယ်ချောင်း(အောက်)ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော မူလတန်းပြဆရာ ဦးနေဝင်းထွန်း၏ နေအိမ်သို့သွားရောက်၍ မိသားစုဝင်များအား အားပေး စကားပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ပြီး နေပြည်တော်ခုတင်(၁၀၀၀)ပြည်သူ့ဆေးရုံတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေသည့် မူလတန်းပြဆရာ ဦးလှိုင်မင်းထွန်းအားသွားရောက်၍ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)