မိုးမိတ်၌ ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပ

မိုးမိတ်   စက်တင်ဘာ ၈

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အငြင်းပွားမှု/ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ခရိုင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်း ထားရှိပြီးဖြစ်ရာ အဆိုပါ စေ့စပ် ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယနေ့တွင်  နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်မြမြက ခရိုင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့ပြီး  ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ခိုင်ဝင်း က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးဆိုင်ရာတို့နှင့် စပ်လျဉ်းသည့် ညွှန်ကြားချက် အမှတ်(၁/၂၀၁၄)နှင့် အဆိုပါ ညွှန်ကြားချက်ကို ပြင်ဆင်သည့် ညွှန်ကြားချက်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏၂၆-၅-၂၀၂၀ ရက်စွဲပါ ညွှန်ကြားချက်၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်း များ အတွက် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ် ၊အထွေထွေရွေးကောက်ပွဲ နှင့်စပ်လျဉ်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန် ၊ သက်ဆိုင်ရာက အချိန်ကာလ/ နေရာ ဒေသ အလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ အမိန့်များ၊ လမ်းညွှန်ချက်များနှင့်အညီ မဲဆွယ်စည်းရုံးကြရန် တိုက်တွန်း ပြောကြားခဲ့သည်။ 

မိုးမိတ်ခရိုင် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီတွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် များ မိုးမိတ်ခရိုင်အတွင်းရှိ နိုင်ငံရေးပါတီ (၈)ခုမှကိုယ်စားလှယ်များ ၊ဩဇာတိက္ကမရှိသူ(၅) ဦးတို့ ပါဝင်ကြောင်း သိရသည်။

 မိုးမိတ်သား(စည်သူဌေး)