မတ္တရာမြို့နယ်၌ စားသုံးဆီ တစ်ပိဿာလျှင် ၆၂၀၀ကျပ်နှုန်းဖြင့် ၁၁၀၀ ပိဿာ ရောင်းချပေး

မတ္တရာ  ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် အခြေခံစားသောက် ကုန်ဖြစ်သော စားသုံးဆီ ပိဿာ(၁၁၀၀)ကို  တစ်ပိဿာလျှင် ၆၂၀၀ကျပ်ဖြင့် ယနေ့နံနက်ပိုင်းက မြို့မဈေး အရှေ့ဘက်ရှိ ဦးကျော်ဇော ကုန်စုံဆိုင်မှ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ဘုရင့်နောင် ကုန်စည်ဒိုင်မှ ခွဲတမ်းရရှိသော စားသုံးဆီ ၁၁၀၀ ပိဿာအား တစ်ဦးလျှင်တစ်ပိဿာနှုန်းဖြင့် ရောင်းချနေမှုအခြေအနေများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရသိန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝင်းဝင်းမာနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မတ္တရာမြို့နယ် စျေးကွက်အတွင်း၌ စားသုံးဆီ (၁)ပိဿာ (၇၀၀၀)ကျပ်ခန့် ဖြင့် ရောင်းချနေပြီး ပြည်သူများအနေဖြင့် စားသုံးဆီများ စျေးနှုန်းချိုသာစွာ ရောင်းချနေမှုအား လာရောက်ဝယ်ယူ အားပေးလျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)