မက်မန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပ

မက်မန်း ဇွန်   ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community  Centre) ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့ ညနေပိုင်းကကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သောင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ထွန်းနိုင်မှမူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ဆရာဝန် ဒေါက်တာစိုးမိုးအောင်က မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်ကျန်းမာရေးဆိုင်ရာဆိုးကျိုးများအကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အထက်တန်းနှင့်အလယ်တန်းအဆင့်) စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးစိုင်းရွှေအောင်မှ အခမ်းအနားတက်ရောက်လာသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။ မက်မန်းခရိုင်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမအနေဖြင့် ပြည်သူအသိပညာပေး လုပ်ငန်းများ ဖြစ်သည့်ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ နံရံကပ်စာစောင် ပြပွဲများပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းမြတ်စိုး(ပြန်/ဆက်)