မိုးညှင်း ဇွန် ၂၈
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက် ကျေးရွာများအတွင်း လူနေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ရက်သတ္တပါတ်အတွင်း သတ်မှတ်ရက်များအလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက် ကျေးရွာများအတွင်း လူနေအိမ်များတွင် သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအနေဖြင့် ခြင်များခိုအောင်း ပေါက်ဖွားနိုင်သောနေရာများအား သစ်ပင်ခြုံနွယ်မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများ ရှင်းလင်းခြင်း၊ အိုးခွက်များ၊ ဘက်ထရီဟောင်းများနှင့် တာယာဟောင်းများအတွင်း ရေဆိုးများသွန်ခြင်း၊ ရေသိုလှောင်ကန်များအတွင်း ရေများလဲလှယ်ခြင်းနှင့် အဘိတ်ဆေးများ ခတ်ထည့်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တနင်္လာနေ့တွင် ဌာနဆိုင်ရာရုံးများနှင့် ပုဂ္ဂလိကရုံးများ၊ အင်္ဂါနေ့တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ ဗုဒ္ဓဟူးနေ့တွင် စျေးများ၊ ကြာသပတေးနေ့တွင် ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ သောကြာနေ့တွင် တက္ကသိုလ် ကောလိမ်ကျောင်းမျာ၊ အခြေခံပညာကျောင်းများနှင့် စနေနေ့တွင် ရပ်ကွက်ကျေးရွာများရှိ လူနေအိမ် ပတ်ဝန်းကျင်နေရာများတွင် ရက်သတ္တပါတ်အတွင်း သတ်မှတ်ရက်များအလိုက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)