တိုက်ကြီးမြို့နယ်တွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း ဗဟိုရန်ကုန်ရုံးခွဲမှ တီဘီရောဂါရှာဖွေကုသနိုင်ရေး ကွင်းဆင်းဆောင်ရွက်

တိုက်ကြီး ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်တိုက်ကြီးမြို့နယ်တွင် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း ဗဟိုရန်ကုန်ရုံးခွဲမှ တီဘီလူနာကွင်းဆင်းရှာဖွေရေးအစီအစဉ်အရ တီဘီရောဂါရှာဖွေကုသရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက အဖျောက်မြို့ ၂ ရပ်ကွက်သံတန်ဆောင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း ဗဟိုရန်ကုန်ရုံးခွဲမှ ဒေါက်တာရန်ရှင်းဖောင်( Mobile Team Leader)ဦးဆောင်သောအဖွဲ့တို့က အဖျောက်မြို့ ၂ ရပ်ကွက်အတွင်းရှိ ပြည်သူများအား တီဘီရောဂါ ရှိ / မရှိကို ခေတ်မီစက်ကိရိယာများဖြင့် စမ်းသပ်စစ်ဆေးပေးရာ ပြည်သူ(၈၁ )ဦး လာရောက်ပြသခဲ့သည်။

အဆိုပါတီဘီရောဂါရှာဖွေကုသနိုင်ရေး ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အထောက်အကူပြုအဖွဲ့တို့က လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် ( ပြန်/ ဆက် )