ညောင်ဦးမြို့နယ်တွင် နွေစပါး ၂၅၉ ဧကစိုက်ပျိုးခဲ့ပြီး (၀.၁၀)ဧက စံပြကွက်ရိတ်သိမ်း

ညောင်ဦး  ဇွန်  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၌ နွေစပါး၂၅၉ ဧကစိုက်ပျိုးနိုင်ခဲ့ရာ နွေစပါးရိတ်သိမ်းချိန်ရောက်ရှိသဖြင့် (၀.၁၀)ဧကစံပြ ကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈နာရီခွဲအချိန်က လက်ပံခြေပေါ်မြစ်ရေတင်၊ လက်ပံခြေပေါ်အုပ်စု၊ ကွင်းအမှတ် (၁၃၂၅)ရှိ တောင်သူဦးဝင်းစိန်၏ လယ်မြေ ၁.၀၀ ဧကတွင် စံပြကွက်ရိတ်သိမ်း ပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ စံပြကွက်ရိတ်သိမ်းပွဲတွင် ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်ဌေးရီမှ မျိုးကောင်းမျိုးသန့်သုံးစွဲခြင်းသည် အထွက်နှုန်းတိုးတက်စေကြောင်း၊ သက်တမ်းတိုးအထွက်ကောင်းမျိုး စိုက်ပျိုးခြင်းဖြင့် နောင်သီးနှံစိုက်ပျိုးရာသီတွင် စောလျင်စွာစိုက်ပျိုးနိုင်ခြင်း၊ သဘာဝဘေးအရ မြစ်ရေတက်မှုကြောင့်ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များကို သက်တမ်းတိုအထွက် ကောင်းစားသုံးမှု အရည်အသွေးကောင်းမျိုးစိုက်ပျိုးခြင်းဖြင့် အချိန်မီရိတ်သိမ်း ဆောင်ရွက်နိုင်ခြင်း၊ သုံးသီးစားသီးနှံပုံစံစိုက်ပျိုးခြင်းဖြင့် တောင်သူများဝင်ငွေ တိုးတက်စေနိုင်ပြီး သီးနှံအလှည့် ကျစိုက်ပျိုးနိုင်ခြင်း၊ စံပြကွက်ရိတ်သိမ်းခြင်းဖြင့် တစ်ဧကအထွက်နှုန်း ခန့်မှန်းနိုင်ခြင်း၊ အလေအလွင့်ဆုံးရှုံးမှု လျော့နည်းစေရန် ရိတ်သိမ်းချိန်လွန် နည်းပညာများကိုလိုက်နာစေလိုကြောင်း၊ ရေမြေဒေသနှင့်ကိုက်ညီသော မျိုးများကို ရွေးချယ်စိုက်ပျိုးကြရန်သွင်းအားစု မြေဩဇာများကို စနစ်တကျနှင့်အချိုးကျထည့်သွင်းရန် အနည်းလိုအာဟာရဓာတ်များကိုလည်းဖြည့်စွက်ထည့် သွင်းစိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ စိုက်ပျိုးချိန်နှင့်အထွက်နှုန်းများကို မှတ်တမ်းတင်ထားပြီး စနစ်တကျ လုပ်ကိုင်စေလိုကြောင်း၊ ရှင်းလင်းပြောကြားကာ တက် ရောက်လာသည့် တောင်သူများမှသိရှိလို သည်များပြန်လည်ဆွေးနွေးကြသည်။

ထို့နောက်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာများမှပြည်သူများ၊အကျိုး ဆောင်တောင်သူများနှင့်ပူးပေါင်း၍ ထိုင်းနှံကောက်စပါးမျိုး (၀.၁၀)ဧက စံပြကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း ပျမ်းမျှ( ၁၃၁.၀၀)တင်းထွက်ရှိကြောင်း သိရသည်။

ကိုကြေးမုံ