ရန်ကုန် စက်တင်ဘာ ၈
လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့မှ စတင်ပြီး ၁၄ ရက်တိတိ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများ အားလုံးတွင် တစ်အိမ်တက်ဆင်း ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်အဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ တစ်အိမ်တက်ဆင်း ကျန်းမာရေးအသိပညာ ပေးခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းလုပ်ငန်း များကို ရက်သတ္တပတ် နှစ်ပတ်တိတိ ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။
ဒလမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တစ်အိမ် တက်ဆင်း ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း/အသက်ရှူရခက်ခြင်း၊ လည်ချောင်းနာခြင်း၊ အနံ့အရသာပျောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား အလွန်နာကျင်ခြင်း၊ ချမ်းတုန်ခြင်း စသည့် လက္ခဏာများ ရှိ/မရှိ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအပူချိန် တိုင်းတာသည့်အချိန်တွင် အဖျား (99 ဒီဂရီ ဖာရင်ဟိုက်, 37.2 ဒီဂရီ စင်တီဂရိတ်)ထက် ကျော်လွန် ခြင်းနှင့် အခြားလက္ခဏာ(၁)ခုနှင့် အထက်ရှိပါက သံသယလူနာအဖြစ် သတ်မှတ်ပြီး အဆင့်ဆင့် အကြောင်းကြားပြီး နောက် သတ်မှတ်ဆေးရုံများသို့ လွှဲပြောင်းပေးပို့နိုင်ရန် စီစဉ်မည်ဖြစ် ကြောင်း၊ ယခုလက်ရှိတွင် အဖျားရှိခြင်းနှင့် လွန်ခဲ့သော ၁ လအတွင်း လက္ခဏာနှစ်ခုနှင့် အထက်တွေ့ရှိပါက ကုသမှုခံယူပြီး ဓာတ်ခွဲစစ်ဆေးခံရသူအဖြစ် သတ်မှတ်ကာ သက်ဆိုင်ရာသို့ လွှဲပြောင်းပေးပို့နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)