ကျောက်ဆည် ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် လူသားအရင်းအမြစ် ဆုံးရှုံးမှုမရှိစေရန်အတွက် ယမန်နေ့ညနေ (၂) နာရီခွဲက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိသည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူကုန်ကူးမှု တိုက်ဖျက်ရေးသည် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ကြောင်း၊ လူကုန်ကူးမှုမခံရစေရေးအတွက် လူပွဲစားများအပါအဝင်၊ မည်သူ့ကိုမျှ အလွယ်တစ်ကူ မယုံသင့်ကြောင်း၊ ဖြတ်လမ်းဖြင့် ငွေရသည့်နည်းလမ်းကို မသုံးကြရန်၊ မိမိမကျွမ်းကျင်သည့်ဒေသသို့ သွားရန်ချက်ချင်း မဆုံးဖြတ်ကြရန်၊ စိတ်ချရသည့် အလုပ်အကိုင်ရှာဖွေပေးသူနှင့်သာ ဆက်သွယ်ဆောင်ရွက်ရန်၊ မိမိ၏ကလေးများကို အခြားသူများထံ စိတ်ချယုံကြည်ပြီးမအပ်ခဲ့သင့်ကြောင်း၊ အခြားနိုင်ငံတစ်ခု၌ တရားမဝင်ဝင်ရောက်အလုပ်လုပ်ကိုင်ပါက ၎င်းနိုင်ငံ၏ ဥပဒေအရ အရေးယူ ခံရနိုင်ကြောင်း၊ အခြားနိုင်ငံတွင် ဒုက္ခရောက်ပါက ကူညီမည့်သူကိုအလွယ်တစ်ကူ ရှာမရနိုင်ကြောင်း၊ ပြည်ပတွင် အလုပ်သွားရောက် လုပ်ကိုင်မည်ဆိုပါက တရားဝင်အလုပ်အကိုင်ရှာဖွေရေးအဖွဲ့များဖြင့်သာ ဆက်သွယ်ဆောင်ရွက်ပြီး အပြည့်အစုံလေ့လာ၍ ယုံကြည်စိတ်ချမှသာ သွားသင့်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ဦးစီးအရှိဒေါ်ခင်နှင်းရီက မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့်နည်းလမ်းများ၊ လူကုန်ကူးမခံရစေရေး သတိပြုရမည့်အချက်များ၊ လူကုန်ကူးမှုကျူးလွန်ပါက ချခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ လူကုန်ကူးခံရပါက ဆက်သွယ်အကူအညီတောင်းခံနိုင်သည့် ဖုန်းနံပါတ်များကို ပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)