နောင်ချို ဇွန် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် လူငယ်နှင့် ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့်လည်းကောင်းဟောပြောခဲ့ရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။
နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယနေ့ခေတ် လူငယ်၊ လူရွယ်များ လမ်းမှားသို့ မရောက်ရှိစေရေး၊ အမှားနှင့်အမှန်ကိုခွဲခြားသိရှိနိုင်ရေး၊ အသိပညာ ဗဟုသုတ တိုးပွားစေရေးတို့ကိုရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ၊ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ (၂၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)