ကော့မှူး ဇွန် ၂၈
ကျောင်းသား / ကျောင်းသူများ ကျောင်းစာအပြင်ပြင်ပ ဗဟုသုတရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးပြုစေရေးနှင့် အသိပညာများတိုးပွားစေရန် ရည်ရွယ်၍ ယနေ့ နံနက်က ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား / ကျောင်းသူ လူငယ်များဟာ နောင်တစ်ချိန်တွင် တိုင်းပြည်၏ အနာဂတ်ကြယ်ပွင့်များ ဖြစ်သည့်အတွက် ထူးချွန်ထက်မြတ်ပြီး အကျင့်စာရိတ္တကောင်းမွန်သော လူတော်လူကောင်းလေးများ ဖြစ်လာစေရန်၊ စာအုပ်၊ စာစောင်များကို လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များ ရရှိစေရန်နှင့် အပြန်အလှန်ဆွေးနွေး တက်သောအလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း များကို အစဉ်အမြဲဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင် မောင်အာကာကျော်က စာရေးဆရာ အရှင်ဇနက (မန္တလေးစာသက်သား) ရေးသား သည့် လူငယ်များဘဝလက်တွဲဖော် ရွေးချယ်သော အခါစာအုပ်မှ မ “အ” အောင်ချစ်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးမြတ်နိုးက “ဆရာတင်မမှားဖို့လို” ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ Book Club အသင်းမှ အဖွဲ့ဝင် မအေးမြတ်နိုးက ဦးဆောင်ဆွေးနွေးသူ အဖြစ်ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ကျော်သူရ