ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ လုပ်ငန်းများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ဗန်းမော်       စက်တင်ဘာ   ၈

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် ၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ  အထွေထွေ ရွေးကောက်ပွဲအတွက် ခရိုင် ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ဆိုင်ရာ လုပ်ငန်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲခန့်က ခရိုင်ကော်မရှင် အဖွဲ့ခွဲရုံး၌ကျင်းပခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ဗန်းမော်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ  ဦးနန်ဒူက “ကျွန်တော်တို့နိုင်ငံဟာ နိုဝင်ဘာလ ၈  ရက်နေ့မှာ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးနှင့် ကိုဗစ်-၁၉   ကပ်ရောဂါ  ကူးစက်ပျံ့ပွားနေတဲ့ အခြေအနေတွေဟာ   တိုက်ဆိုင်နေတဲ့အတွက်   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ်(၁၇၃/၂၀၂၀) ၂၀၂၀ ပြည့်နှစ်၊ စက်တင် ဘာလ ၆ ရက်နေ့ နေ့စွဲနှင့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံး ခွင့်ဆိုင်ရာတို့နှင့်စပ်လျဉ်း၍ ကြေညာ ချက်ထုတ်ပြန်ထားပြီးဖြစ်တယ်။  အဲဒီကြေညာချက်များနှင့် ပတ်သက်ပြီး  နိုင်ငံရေးပါတီများအနေနဲ့ သိသင့်သိထိုက်သည်များနှင့်  လိုက်နာ ဆောင်ရွက်ရမည်များကို ယနေ့ရှင်းလင်းဆွေးနွေးသွားမှာဖြစ်တယ်” ဟု အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ခရိုင်ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးကျော်သိန်းဦးကရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ဗန်းမော်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ မင်းဇော်အေးက Covid-19 ကပ်ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသော ခရိုင်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် နိုင်ငံရေး ပါတီများက တက်ရောက်လာသည့် ကိုယ်စားလှယ်များက သိလိုသည်များနှင့် မရှင်းလင်း သည့်အချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ  ဦးနန်ဒူနှင့်အဖွဲ့ဝင်များ၊ ဗန်းမော်ခရိုင်အတွင်းရှိ  နိုင်ငံရေးပါတီ  (၁၁) ခုမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ ကြောင်း သိရသည်။

မျိုးလှိုင်(ပြန်/ဆက်)