မိတ္ထီလာ ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် တိရစ္ဆာန်အစာရှားပါးမှုပြဿနာများ လျော့နည်းစေရန်နှင့် ရောဂါဒဏ်ခံနိုင်ပြီး ကျန်းမာရေးပိုမိုကောင်းမွန်စေရန် မိုးရာသီတိရစ္ဆာန်အစာပင်နေဗီယာ(ပတ်ချောင်) မြက်သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့က ဆည်ရွာကျေးရွာရှိ တောင်သူဦးစိန်မောင်၏ လယ်စိုက်ဧကတစ်ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူများတိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်း အလေ့အကျင့်ကောင်းများရှိလာစေရန်နှင့် ထိုသို့အလေ့အကျင့်ကောင်းများရှိလာပါက ဒေသခံတောင်သူများအနေဖြင့် မိမိတို့မွေးမြူထားသော ကျွဲနွားစသည့် တိရစ္ဆာန်များအစာရှားပါးမှုပြဿနာများ လျော့နည်းသွားမည်ဖြစ်ပြီး အာဟာရတန်ဖိုးပိုမိုမြင့်မားသောအစာပင်များ စိုက်ပျိုးကျွေးမွေးခြင်းဖြင့် ကျွဲနွားစသည့်တိရစ္ဆာန်များတွင် ရောဂါဒဏ်ခံနိုင်၍ ကျန်းမာရေးပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း စသည့်ရည်ရွယ်ချက်ဖြင့် ဒေသခံတောင်သူများအား ယခုလိုမိုးရာသီ တိရစ္ဆာန်အစာပင်နေဗီယာ (ပတ်ချောင်)မြက်သရုပ်ပြစိုက်ပျိုးခြင်းဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်ထံမှ သိရသည်။
အဆိုပါ မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာ(ပတ်ချောင်)မြက် သရုပ်ပြစိုက်ပျိုးခြင်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်နှင့်ဝန်ထမ်းများ၊ အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သားများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)