မြစ်ကြီးနား စက်တင်ဘာ ၈
ကချင်ပြည်နယ်အတွင်း ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာခဲ့မှု အပြီးတွင် ပုံစံ(၃)ဖြင့် တောင်းဆိုသူ၊ ပုံစံ (၄)ဖြင့် ပယ်ဖျက်သူ၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ မဲဆန္ဒရှင်ဦးရေ (၇)သောင်းကျော်ရှိကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
ကချင်ပြည်နယ်အတွင်း ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို ဇူလိုင် ၂၅ ရက်မှ သြဂုတ်လကုန်အထိ ခရိုင်/ မြို့နယ် နှင့် ရပ်ကျေးကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၀၈၅၀၈၁)ဦးတို့၏ စာရင်းကို ထုတ်ပြန် ကြေညာခဲ့ရာ မဲဆန္ဒရှင်အရေအတွက် (၃၈၆၃၄၄)ဦး လာရောက်ကြည့်ရှုခဲ့ကြပြီး ပုံစံ(၃)ဖြင့် တောင်းဆိုသူ (၃၂၅၈၉)ဦး၊ ပုံစံ (၄)ဖြင့် ပယ်ဖျက်သူ (၁၈၄၅၆)ဦးနှင့် ပုံစံ (၄-ဂ)ဖြင့် (၂၂၀၀၆) ဦးဖြင့် မဲဆန္ဒရှင်ဦးရေ စုစုပေါင်း (၇၃၀၅၁)ဦးတို့က ပြင်ဆင်/ တောင်းဆို/ ပယ်ဖျက်ခြင်းတို့ ဆောင်ရွက်ခဲ့သဖြင့် လိုအပ်ချက်များနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက် လျက်ရှိသည်။
ထို့အပြင် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံပေါင်း (၈၁၃)ရုံဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း လာမည့်ရွေးကောက်ပွဲတွင် သတ်မှတ် မဲဆန္ဒရှင် အရေအတွက်နှင့် မဲဆန္ဒရှင်အင်အား ကျော်လွန်လာခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲဝေးကွာသည့် နေရာများတွင် မဲရုံခွဲဆောင်ရွက်ရန် လိုအပ်လာခြင်းတို့အပြင် ပြည်နယ်အတွင်းရှိ တစ်ချို့မြို့နယ်များရှိ ကျေးရွာ အုပ်စုများတွင်လည်း နယ်မြေလုံခြုံရေးအရ ပြန်လည်ကောင်းမွန်လာခြင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ အခြေအနေ ပေါ်ပေါက်လာခြင်း တို့ကြောင့် ပထမအကြိမ် မဲစာရင်းထုတ်ပြန် ကြေညာချိန်တွင် မဲရုံပေါင်း(၈၉၀)ဖြင့် ကြေညာခဲ့သော်လည်း မဲရုံများထပ်မံတိုးချဲ့ရန် လျာထား ဆောင်ရွက် လျက်ရှိကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)