တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ပူးပေါင်းဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု နှုန်းကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တာမွေမြို့နယ်ရှိ တာမွေယာယီစျေးတွင် စျေးတာဝန်ခံနှင့် စျေးသူ/စျေးသားများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းအချိန်က နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အတွက် အသိပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့သို့ မြို့နယ်အတွင်းရှိ ပြည်သူများနှင့် လမ်းသွားလမ်းလာများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအပေါ် စျေးလာရောက်ဝယ်ယူသူ တစ်ဦးဖြစ်သည့် ကိုဖြိုးစည်သူ ကလည်း " အခုလို တာမွေစျေးတာဝန်ခံနှင့် စျေးသူ၊ စျေးသားများ ပူးပေါင်းပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး နှာခေါင်းစည်း(Mask)တွေ အခမဲ့ဝေငှပေးတဲ့အတွက် ကျွန်တော်တို့ပြည်သူတွေအနေနဲ့ အရမ်းကို အဆင်ပြေပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်တွေကိုလည်း သိရှိခွင့်ရ တဲ့အတွက် များစွာကျေးဇူးတင်ရှိပါတယ်။ ယခုလို ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး အသိပညာပေး နှိုးဆော်တာတွေ၊ နှာခေါင်းစည်း(Mask) မပါတဲ့သူတွေကို နှာခေါင်းစည်း(Mask)တပ်ဆင်ဖို့ အခမဲ့ ဝေငှပေး တာတွေကို မြို့နယ်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြဖို့ ဒီနေရာကနေ တိုက်တွန်းလိုပါတယ် " ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)