နမ့်ဆန်မြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေး  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

နမ့်ဆန် ဇွန် ၂၈

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုသည့်အလေ့အကျင့်ရှိစေရန်နှင့် စာပေအကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့်စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင် ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ( ၉ ) နာရီအချိန်တွင် အခြေခံပညာမူလတန်းကျောင်းနှင့် နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့တွင် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန ဝန်ထမ်းများမှ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား/သူများ အားလပ်ချိန်တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှူတတ်သည့် အလေ့အကျင့်ရှိစေရန် စာပေကိုဖတ်ရှုတတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာအုပ်စာစောင်များကို အခြေခံပညာကျောင်းများသို့သွားရောက်ပြီး မိုဘိုင်းစနစ်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား/သူများ ဖတ်ရှုနိုင်စေရန် ရုပ်ပြစာအုပ်များကို တစ်ဦးလျှင် တစ်အုပ်နှုန်းဖြင့်ဌားရမ်းခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်သို့မလာရောက်နိုင်သည့်စာပေချစ်သူ မိဘပြည်သူများကို အပတ်စဉ် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ မိုဘိုင်းစနစ်ဖြင့် ဗဟုသုတရရှိနိုင်မည့် သုတ/ရသစာအုပ်များကို စာထားသူ တစ်ဦးလျှင် (၂)အုပ်နှုန်းဖြင့် (၇)ရက်ကြာအချိန်ပေး၍ စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)