ဆီဆိုင်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ဆီဆိုင် ဇွန် ၂၈

မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြား ကူးစက်တတ်သောရောဂါများ မဖြစ်ပွားစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့်အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက  ဟိုခဲရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထားထားဦးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ဟိုခဲရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ကွင်းဆင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်းများကိုသရုပ်ပြကာ ရေတွင်း၊ ရေကန်၊ ရေမြောင်း၊ ရေစည်၊ အမှိုက်ကန်များတွင် ပိုးလောက်လန်းများ မရှိစေရေးအတွက် အဘိတ်ဆေးများ ခပ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများကို ကျန်ရှိသော ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)