မိုင်းယောင်း ဇွန် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်မှ ဒေသခံအချို့သည် ဒေသထွက် ကြာဖူးကြာပန်းများကို တစ်နိုင်တစ်ပိုင် ဝယ်ယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေနေကြကြောင်း သိရသည်။
“ကြာဖူးကြာပန်းက တစ်နှစ်မှာတစ်ခါ ပွင့်ဖူးတာပါ။ အခုကျွန်မတို့ရောင်းတဲ့ ကြာဖူးကြာပန်းက မိုင်းယောင်းဒေသကထွက်တဲ့ ကြာဖူးကြာပန်းဖြစ်ပါတယ်။ စပါးစိုက်ရာသီမှာ မိသားစုအပိုဝင်ငွေရရှိအောင် တစ်နိုင်တစ်ပိုင်ဝယ်ယူပြီး အခုလို မြို့တွင်းလှည့်လည်ရောင်းချနေတာပါ။ ကြာဖူး ငါးဖူးပါ တစ်စည်းလျှင် ကျပ် ၅၀၀ နဲ့ ကြာဖူးက ကြီးရင် လေးဖူး ကျပ် ၅၀၀ ရောင်းချရပါတယ်” တစ်နိုင်တစ်ပိုင် ကြာဖူးကြာပန်း ဝယ်ယူရောင်းချသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
မိုင်းယောင်းတွင် ကြာဖူးကြာပန်းများကို ဘုရားပန်းကပ်ရန်၊ ကြာစေ့ကို ရာသီစာအဖြစ် စားသုံးရန် ဝယ်ယူသူပိုများလာပြီး အထူးသဖြင့် ကြာစေ့ကို လူငယ်များ ကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံးကြသည့် အတွက် ကြာဖူးကြာပန်း အရောင်းအဝယ်လုပ်ငန်းမှာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း