ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဖြတ်စခန်းများမှ ဦးဆောင်ကျင်းပသည့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား ဇွန် ၂၈

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြစ်ကြီးနား မြို့နယ်အတွင်းရှိ လူငယ်ပြုစုပျိုးထောင်ရေးနှင့် မူးယစ်ဆေးဖြတ်စခန်း (၇)ခုမှ ဦးဆောင်ကျင်းပသည့် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဇွန် ၂၆ ရက်နေ့ ညနေ ၃ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက တက်ရောက်အားပေးခဲ့ကြသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင် ကျင်းပရေးကော်မတီအဖွဲ့ဝင် ဓမ္မဆရာများက ဆုတောင်းဆက်ကပ်ပေးကြပြီး ကော်မတီအတွင်း ရေးမှူးက ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က အားပေး အမှာစကားပြောကြားသည်။

ယင်းနောက် နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် ဂရုဏာလက်လူငယ်ပြုစု ပျိုးထောင်ရေးစခန်း (နန်ကျင်)နှင့် New Life (ဘဝအသက်တာသစ်) အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြရာ ဂရုဏာလက် လူငယ်ပြုစုပျိုးထောင်ရေး စခန်း (နန်ကျင်)အသင်းက ငါးဂိုးတစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲ သည်။         

ဆက်လက်၍ ဆုရအသင်းများအား ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးနှင့် သယံ ဇာတရေးရာဝန်ကြီးတို့က ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီအတွက် ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုနှင့် နေရာအလိုက် အကောင်းဆုံးကစားဆု ရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုတံဆိပ် များ၊ တတိယနှင့် ဒုတိယဆုရအသင်းများအတွက် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ် ဘောလုံး ဆပ်ကော်မတီမှ တာဝန်ရှိသူတို့က တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်နှင့် ဆုငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချူပ်က ပထမဆုရ ဘောလုံးအသင်းအတွက် တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်၊ ဆုငွေနှင့် ဒိုင်းဆုတို့ကို အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အသင်းသားများထံ ချီးမြှင့် ပေးအပ်ခဲ့သည်။ အဆိုပါ ဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့နယ်အတွင်းရှိ လူငယ်ပြုစုပျိူးထောင်ရေးနှင့် မူးယစ်ဆေးဖြတ် စခန်း(၇)ခုမှ တာဝန်ရှိသူများက ဘောလုံး ပြိုင်ပွဲကျင်းပရေးကော်မတီ ဖွဲ့စည်းပြီး အားကစားဖြင့် မူးယစ်ရန်စွယ်ကို တွန်းလှန်ကြစို့ ဆောင်ပုဒ်ဖြင့် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဇွန် ၁၃ ရက်နေ့မှ စတင်၍ ဘောလုံးအသင်း (၇)သင်းဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်