ပေါက်တော ဇွန် ၂၈
ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြတ်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ အားကစားဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ပေါက်တောမြို့ရှိ အထက(မြို့မ) စုပေါင်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးမြမင်းထွန်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် ဟောပြောပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးမြမင်းထွန်းက ပြန်လည် ဖြေကြားပေးသည်။
ထို့နောက် မြို့နယ်အားကစားမှူး ဦးမြမင်းထွန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်တို့က အားကစားပစ္စည်းများ လှူဒါန်းရာ တာဝန်ရှိ ဆရာ၊ ဆရာမများက လက်ခံကြသည်။ ဆက်လက်ပြီး ကျောင်းရှေ့ကွင်းပြင်၌ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)