မိုင်းခုတ် ဇွန် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် အသက်(၅)နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်)ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် ၁၁ နာရီက မိုင်းလုံးကျေးရွာအုပ်စုအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မိုင်းလုံးကျေးရွာရှိအခြေခံပညာမူလတန်းလွန်ကျောင်း၌ စုရပ်ထားကာ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံမီ သတ်မှတ်ပုံစံတွင် စာရင်းရေးသွင်းခြင်းနှင့် မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒကိုရယူကာအခြေခံပညာ မူလတန်းလွန်ကျောင်း(မိုင်းလုံး)မှ ကျောင်းသား (၂၃)ဦး၊ ကျောင်းသူ(၃၂)ဦး၊ ပေါင်း(၅၅)ဦး၊ အခြေခံပညာမူလတန်းကျောင်း(ဝမ်လုံ)မှ ကျောင်းသား(၄၉)ဦး၊ ကျောင်းသူ(၆၄)ဦး၊ ပေါင်း(၁၁၃)ဦးနှင့် အခြေခံပညာမူလတန်းကျောင်း(ခွဲ) (ဟိုမိန်း)မှကျောင်းသား(၃၃)ဦး၊ ကျောင်းသူ(၃၇)ဦး၊ ပေါင်း(၇၀)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၂၃၈)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm (ပထမအကြိမ်) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဝမ်ကောင်းကျေးရွာမှ ကျန်းမာရေးဆရာမ ဒေါ်ကေသီထွန်း နှင့်ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)